နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းအဖြစ် စစ်သားဘ၀ကို ခံယူခဲ့ကြသူများဖြစ်ပြီး စစ်သားဘ၀တွင် အဆုံးစွန်ဆုံး အသက်စွန့်လွှတ်ရသည်အထိ ပင်ပန်းဆင်းရဲစွာ တာဝန်ထမ်းဆောင်ရကြောင်း၊ ခေတ်အဆက်ဆက် စွန့်လွှတ်စွန့်စားသည့် ပေးဆပ်မှုများစွာဖြင့် နိုင်ငံတော်နှင့် ပြည်သူအတွက် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးအပေါ်ထားရှိသည့် သဘောထားကိုလည်း သိရှိဂုဏ်ယူကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောက်ဆည်တပ်နယ်၊ မိုင်းမောရှိ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့လိုက်ပါ၍ ကျောက်ဆည်တပ်နယ်၊ မိုင်းမောရှိ နယ်မြေခံတပ်အားကစားခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြားသည်။
ထိုသို့ပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံဖြတ်သန်းခဲ့ရသည့် နိုင်ငံရေး လမ်းကြောင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရရှိချိန်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့မှုအခြေအနေများ၊ ယင်းကာလအတွင်း လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများ၊ မြန်မာပြည်အရှေ့ခြမ်းတွင် တရုတ်ဖြူများ၏ ကျူးကျော်မှုနှင့် မြန်မာပြည်အနောက်ခြမ်း မူဂျာဟစ်သောင်းကျန်းသူများကြောင့် နိုင်ငံလွတ်လပ်ရေး မဆုံးရှုံးစေရန် တပ်မတော်က ရှိသည့်အင်အားဖြင့် စွန်လွှတ်စွန့်စားစွာ ကာကွယ်ထိန်းသိမ်းခဲ့ရမှု အခြေအနေများ၊ ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို မထိန်းသိမ်းနိုင်၍ တပ်မတော်က အိမ်စောင့်အစိုးရအဖြစ် ခေတ္တတာဝန်ယူဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တော်လှန်ရေးကောင်စီက နိုင်ငံတော်၏အာဏာကို ရယူထိန်းသိမ်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ၁၉၆၇ ခုနှစ်တွင် တရုတ်-မြန်မာ အရေးအခင်းဖြစ်ပွားခဲ့ပြီး ၁၉၆၈ ခုနှစ်မှစတင်၍ ဗကပများ အရှေ့မြောက်ဒေသသို့ ထိုးဖောက်ဝင်ရောက်လာ၍ တပ်မတော်က အသက်ခန္ဓာပေးဆပ်မှုများစွာဖြင့် စစ်ဆင်ရေးကြီးများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရမှု၊ ပဲခူးရိုးမနှင့် ဧရာဝတီတိုင်းတို့တွင် သောင်းကျန်းသူများ၏ ထကြွသောင်းကျန်းမှုများကို တပ်မတော်မှဦးဆောင်၍ ပြည်သူနှင့်လက်တွဲပြီး ဖြတ် ၄ ဖြတ် စနစ်ဖြင့် အမြတ်ပြတ်ချေမှုန်းခဲ့ရမှု အခြေအနေများ၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တစ်ပါတီနိုင်ငံရေးစနစ်ဖြင့်အုပ်ချုပ်ခဲ့ရာ ပြည်သူလူထု၏ ဒီမိုကရေစီတောင်းဆိုမှုများကြောင့် တစ်နိုင်ငံလုံး ဆူပူအုံကြွမှုဖြစ်ခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် တိုင်းပြည်ကို ဦးဆောင်နိုင်မည့် အဖွဲ့အစည်းမရှိတော့သဖြင့် တပ်မတော်က တိုင်းပြည်ကိုဝင်ရောက်ထိန်းသိမ်းခဲ့ရသည့် အခြေအနေများ၊ ထိုအချိန်က ပါတီစုံစနစ်ကျင့်သုံးနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိခြင်း၊ နယ်စပ်ဒေသများတွင် လက်နက်ကိုင်သောင်းကျန်းသူများက တိုက်ပွဲကြီးများ အချိန်ကိုက်ဆင်နွှဲလာခြင်း ကြောင့် တပ်မတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည်တည်ဆောက်ရေးတို့ကို အချိန်ယူဆောင်ရွက်၍ ၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ရန် လုပ်ဆောင်ပေးခဲ့မှုများအား ရှင်းလင်းပြောကြား၍ တိုင်းပြည်၏နိုင်ငံရေးပုံစံ၊ နိုင်ငံရေးလမ်းကြောင်းများ မည်သို့ပင် ပြောင်းလဲစေကာမူ ယင်းဖြစ်စဉ်ဖြစ်ရပ်တိုင်းတွင် တပ်မတော်အနေဖြင့်မည်သည့် တိုက်တွန်းချက်မှ မပါဘဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုအား ဂုဏ်ယူရန်မှာကြားသည်။
ဆက်လက်ပြီး တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် ၁၉၈၈ ခုနှစ်မှစ၍ တပ်မတော်အင်အားတောင့်တင်း ခိုင်မာစေရေးအတွက် တပ်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သော်လည်း တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေရခြင်းကြောင့် အားနည်းခဲ့ရကြောင်း၊ ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး ချိန်တွင်တပ်မတော်အား Standard Army ဖြစ်စေရေးအတွက် တပ်တည်ဆောက်ရေး လုပ်ငန်းများအား အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် မိမိခြေထောက်ပေါ်တွင် ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ပြီး ပြည်သူလူထုနှင့် နိုင်ငံတော်က အားကိုးအားထားပြုနိုင်ရေးကိုလည်း ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်တွင်ရှိပြီးဖြစ်သည့် အစဉ်အလာကောင်းများအပေါ်တွင် အခြေခံပြီး စားရေး၊ ၀တ်ရေး၊ နေရေး၊ သွားလာရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စအ၀၀တွင် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်၍ တိုးတက်သည်ထက် တိုးတက်အောင် လုပ်ဆောင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တပ်မတော်တွင်တာဝန်ထမ်းဆောင်စဉ် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ စစ်မှုထမ်းဟောင်းများနှင့်ပတ်သက်၍လည်း နေရေးအတွက် စစ်မှုထမ်းဟောင်းအိမ်ယာများ၊ စစ်မှုထမ်းဟောင်း ဘိုးဘွားရိပ်သာများ ဆောက်လုပ်ပေးလျက်ရှိကြောင်း၊ ဘ၀ရပ်တည်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သင်ကြားလေ့ကျင့်ပေး လျက်ရှိကြောင်း၊ စစ်မှုထမ်းဟောင်းများအနေဖြင့် တပ်မတော်မှ အငြိမ်းစားယူချိန်တွင် ခံစားခွင့်များ ပိုမိုရရှိစေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်မှုထမ်းဟောင်းအိမ်ယာများတွင် မိသားစုဝင်များ၏ ကျန်းမာရေး၊ ပညာရေးအတွက်ပါ ထည့်သွင်းစဉ်းစား လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ တပ်မတော်တွင် အသက်ပြည့်သည်အထိ မိမိတာဝန်ထမ်းဆောင်နိုင်သလောက် တာဝန်ထမ်းဆောင်စေလိုကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မိမိတို့သားသမီးများ ပညာတတ်များဖြစ်စေရန် ပညာရေးအား အလေးထား အားပေးလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အဓိကာကွယ်ရေးအင်အားစုဖြစ်သည့် တပ်မတော်အနေဖြင့် လက်ရှိလျှောက်လှမ်း နေသည့် နိုင်ငံရေးစနစ်တည်ငြိမ်စွာဖြင့် ခိုင်ခိုင်မာမာရှိရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေရန် နိုင်ငံရေးအရ၊ စစ်ရေးအရနည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရေး တို့အား အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ မိမိတို့တတ်စွမ်းသရွေ့ ပါဝင်လုပ်ဆောင်ကြရန်နှင့် အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့် ညီအစ်ကိုမောင်နှမစိတ်ထား၍ တစ်ဦးအပေါ်တစ်ဦး ကူညီ စောင့်ရှောက်မှု၊ ညီညွတ်မျှတသည့် အုပ်ချုပ်မှုများဖြင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမို ကျစ်လစ်ခိုင်မာအောင် ဆောင်ရွက်ရေးတို့အား တိုက်တွန်းပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်မိသားစုများအတွက် သုတ၊ ရသ စာအုပ်များကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)က စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)က အားကစားပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ကြပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ် စိုက်ပျိုးမွေးမြူရေးခြံရှိ DYL ၀က်မွေးမြူထားရှိမှု၊ ဥစားကြက်မွေးမြူထားရှိမှု၊ ပျိုးခြံအတွင်း သီးနှံပင်များပျိုးထောင်ထားရှိမှု၊ ကြယ်ပဲစိုက်ခင်း နှင့် Green House ဖြင့် သခွားမွှေးစိုက်ပျိုးထားရှိမှုတို့အား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။
FROM မြ၀တီ



No comments:
Post a Comment