ဂျကာတာ ဇန်နဝါရီ ၃၁
လာမည့်လတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အစ္စလာမ်ဘာသာ ကာကွယ်သူများတပ်ဦး(FPI)မှ ဦးဆောင်သော ဆန္ဒပြမှုများသည် နိုင်ငံရေးနှင့် ဆက်နွှယ်လာပါက တားမြစ်သွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဇန်နဝါရီ ၃ဝ ရက်တွင် ကတိပြုသည်။
အဆိုပါ FPI အဖွဲ့သည် ဂျကာတာ မြို့တော်ဝန် ရွေးကောက်ပွဲ မတိုင်မီ လေးရက်အလို ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆန္ဒပြမှုများကို ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းနှင့် ယင်း ဆန္ဒပြမှုများသည် နိုင်ငံရေးနှင့် ဆက်နွှယ်မည် ဆိုပါက ခွင့်ပြုမည် မဟုတ်ကြောင်း ဂျကာတာ ရဲတပ်ဖွဲ့ အကြီးအကဲ မော့ဟာမတ်အိုင်ရီယာဝမ်က Reuters သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။ ၎င်း အဖွဲ့အနေဖြင့် သတင်းပို့ တင်ပြထားသည့်အတိုင်း ဆန္ဒပြမှုကို လုပ်ဆောင်မည်ဆိုပါက ရဲတပ်ဖွဲ့အနေဖြင့် တားမြစ်သွားမည် မဟုတ်ကြောင်း၊ သို့မဟုတ်ဘဲ ၎င်းတို့၏ ခေါင်းဆောင် နေရာအတွက် မူဆလင်လူမျိုး တစ်ဦးကိုသာ မဲပေးသင့်သည်ဟု အွန်လိုင်းတွင် ဖော်ပြထားသည့် အတိုင်း လုပ်ဆောင်ပါက ယင်းဆန္ဒပြမှုသည် နိုင်ငံရေးနှင့် ဆက်နွှယ်သော ဆန္ဒပြမှုအဖြစ် အသွင် ပြောင်းသွားမည် ဖြစ်ကြောင်း အိုင်ရီယာဝမ်က ပြောသည်။ အင်ဒိုနီးရှားနိုင်ငံ၌ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာရေးအရ ဆန္ဒပြမှုများသည် နိုင်ငံ၏ စီးပွားရေးကို ဆုတ်ယုတ်စေပြီး ရင်းနှီးမြှုပ်နှံသူများကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည်။ ခရစ်ယာန်ဘာသာဝင် ဂျကာတာ မြို့တော်ဝန် ဘာဆူကီဂျာဟာဂျာပါနာမာသည် အစ္စလာမ် ဘာသာ၏ ကိုရမ်ကျမ်းစာကို စော်ကား ပြောဆိုသည် ဟူသော စွပ်စွဲချက်ဖြင့် ၎င်းကို ထောင်ဒဏ်ပေးရန် FPI အဖွဲ့က ဆန္ဒပြမှုများကို ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး ယင်းဆန္ဒပြမှုများတွင် အစ္စလာမ် ဘာသာဝင် မူဆလင်လူမျိုး သိန်းနှင့်ချီ၍ ပါဝင်ကြောင်း သိရသည်။

No comments:
Post a Comment