Tuesday, February 7, 2017

အာဖဂန်နစ္စတန်တရားရုံးချုပ်တွင် အသေခံဗုံးခွဲ၍ လူ ၁၉ ဦးသေဆုံး






ကဘူးလ်၊ ဖေဖော်ဝါရီ ၇ ။          ။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ တရားရုံးချုပ်မှာ ဖေဖော်ဝါရီ ၇ ရက်က ဝန်ထမ်းများ အလုပ်ဆင်းချိန် အသေခံဗုံးခွဲသမားတစ်ဦး ဗုံးဖောက်ခွဲ၍  အနည်းဆုံးလူ ၁၉ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရပါတယ်။ တစ်လတာအတွင်း အစိုးရဌာနဆိုင်ရာကို ဒုတိယအကြိမ်တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။
ဝန်ထမ်းတွေ အိမ်ပြန်ဖို့ ကားပေါ်တက်ချိန် ကားပါကင်ကို အသေခံဗုံးခွဲသူက ခြေလျင်ရောက်လာပြီး ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး နာဂျီဘူလက်ရှ်ဒန်နစ်က အေအက်ဖ်ပီကို ပြောပါတယ်။
သေဆုံးဒဏ်ရာရမှုစာရင်းကို ထုတ်ပြန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဒဏ်ရာရသူတွေမှာ ကလေးနဲ့ အမျိုးသမီးတွေလည်း ပါကြောင်း ဆိုပါတယ်။
ပြီးခဲ့တဲ့လကလည်း ပါလီမန်အဆောက်အအုံအဝင်မှာ အသေခံဗုံးခွဲမှု နှစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ တာလီဘန်တွေက ၎င်းတို့လက်ချက်လို့ ကြေညာထားတဲ့ ဒီအသေခံဗုံးခွဲမှုမှာတော့ လူ ၃၀ သေဆုံးပြီး ဒဏ်ရာရသူက ၈၀ ထက်မနည်း ရှိခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ အာဖဂန်နိုင်ငံအတွင်း အရပ်သားများ သေကျေဒဏ်ရာရမှုက အမြင့်ဆုံးနှုန်းအထိ စံချိန်တင်ပြီး သေဆုံးဒဏ်ရာရသူဦးရေ ၁၁၅၀၀ နီးပါးရှိကာ ယင်းနှုန်းထား၌ သုံးပုံတစ်ပုံမှာ ကလေးများဖြစ်ကြောင်း ကုလသမဂ္ဂက ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

No comments:

Post a Comment