Tuesday, February 7, 2017

ကုလဖေါ်ပြချက် စုံစမ်းစစ်ဆေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို




ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာမှာ မွတ်စလင်တွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တံခါးပိတ် စည်းဝေးပွဲမှာ အစီရင်ခံစာ ဖေါ်ပြချက်တွေကို မြန်မာ ကိုယ်စားလှယ်က လက်မခံဘဲ လုံးဝငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

စည်းဝေးပွဲတက်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့တာပါ။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေးလာခဲ့ကြသူတွေထဲက လူနှစ်ရာကို ကုလသမဂ္ဂ က မေးမြန်းခဲ့ရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ အုပ်စုလိုက် အဓမ္မကျင့်မှု တွေ အပါအ၀င်၊ ကလေးငယ်တွေကို သတ်ဖြတ်မှုတွေကိုပါ ထွက်ဆိုခဲ့ကြတယ်လို့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အဲဒီ ကုလသမဂ္ဂ အစီရင်ခံစာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက ကုလသမဂ္ဂရဲ့ စုံစမ်းချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အလေး အနက်ထားပြီး စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း၊ ဒါပေမဲ့ တဖက်မှာ မြန်မာနိုင်ငံဟာ သတင်းမှားတွေ။ လုပ်ကြံသတင်းတွေရဲ့ သားကောင်ဖြစ်နေကြောင်း၊ စွပ်စွဲချက်တွေ မှန်မမှန် မိမိတို့မသိရ သေးကြောင်း၊ မှန်တယ်ဆိုရင် အရေးယူမှာဖြစ်ကြောင်း ရိုက်တာသတင်းကို မနေ့က ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ ၄၃ မျက်နှာပါ ကုလသမဂ္ဂ အစီရင်ခံစာပါ အချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေအရ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် မထိန်းချုပ်နိုင်ကြောင်းလည်း ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

RFA Burmese

No comments:

Post a Comment