ဆီးရီးယားတွင် အိုင်အက်စ် စစ်သွေးကြွများကို ဆန့်ကျင်တိုက်ခိုက်နေသည့် သူပုန်အင်အားစုများထံသို့ အမေရိကန်လုပ် သံချပ်ကာယာဉ်များ ပထမဆုံးအကြိမ် ထောက်ပံ့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အမေရိကန်တွင် ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီးနောက် အိုင်အက်စ်ကို ချေမှုန်းရေး ရည်မှန်းချက် အရှိန်အဟုန်ကို မြှင့်တင်ခဲ့ပြီး အိုင်အက်စ် ဆန့်ကျင်ရေး အင်အားစုများထံသို့ စစ်သုံးယာဉ်များ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆီးရီးယား သူပုန်များသည် အိုင်အက်စ်ကို တိုက်ခိုက်နေသလို ဆီးရီးယား အစိုးရကိုလည်း တော်လှန်လျက် ရှိသည်။
အမေရိကန်စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ဂျွန်ဒိုရီယန်က ဆီးရီးယားရှိ ဒီမိုကရက် အင်အားစုများနှင့် ဆက်နွှယ်သည့် ဆီးရီးယား အာရပ် ညွန့်ပေါင်း မဟာမိတ် အဖွဲ့ထံသို့ သံချပ်ကာယာဉ်များ ပေးပို့ခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်က အတည်ပြု ပြောကြားခဲ့သည်။
အိုင်အက်စ်တို့၏ ဖျက်အားမြင့် ဖောက်ခွဲရေး လက်နက်ပစ္စည်းများကို တုံ့ပြန်နိုင်မည့် ကာကွယ်ရေး အစီအစဉ် တစ်ရပ်အဖြစ် ဒေသတွင်း မဟာမိတ် အင်အားစုများထံသို့ ယခုလို သယ်ယူပို့ဆောင်ရေး သံချပ်ကာယာဉ်များ ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဟုလည်း ဒိုရီယန်က ဆိုသည်။ “စစ်ဘက်အကြီးအကဲတွေက သံချပ်ကာယာဉ်တွေ စစ်မြေပြင်ကို ပို့လွှတ် ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။
ဆီးရီးယား ဒီမိုကရက် အင်အားစုများ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် တာလယ်လ်ဆယ်လိုက ထရမ့်လက်ထက် အမေရိကန် အစိုးရသည် အိုင်အက်စ် ချေမှုန်းရေး စစ်ပွဲများအတွက် ပိုမို အထောက်အပံ့ ပေးမည်ဟု ကတိပြုထားကြောင်း ဆိုသည်။
အဆိုပါ တပ်ဖွဲ့သည် ဆီးရီးယားပိုင်နက်တွင် အိုင်အက်စ်ကို တိုက်ခိုက်သည့် အမေရိကန်၏ စစ်ဆင်ရေး ဗျူဟာများအတွက် အရေးအပါဆုံး မဟာမိတ် အင်အားစု တစ်ခုအနေဖြင့်လည်း ရပ်တည်နေကြောင်း သိရှိရသည်။
Ref: Alaraby FROM 7 DAY

No comments:
Post a Comment